( မုန်ညင်းချဉ် မုန်လာချဉ် လုပ်နည်း )
လိုအပ်သောပစ္စည်း-
မုန်ညင်းစိမ်း ထွားထွား...........၅ ပင်၊
ထမင်းရည် ..........................မတ်ခွက်နှင့် ၃-ခွက်ခန့်၊
ဆား...................................လက်တဆုပ်ခန့်၊
နနွင်း..................................အနည်းငယ်၊
မုန်ညင်းစိမ်းများကို အမြစ်ဖြတ်၊ ရေဆေးပြီး တနေ့မျှ အရိပ်ထဲ၌ လှန်းထား၊ နေ့လယ်လောက်မှာ အရွက်များ နွမ်းလာလျှင် အချဉ်ထည့်နိုင်ပါပြီ။ မုန်ညင်းပင်များကို နေပူမှာ မလှန်းရပါ။ ခြောက်ကပ်ပြီး စားမရနိုင် ဖြစ်သွားတတ်သည်။
စဥ့်အိုး၊ သို့မဟုတ်-ပုလင်းကြီး သန့်သန့်တွင် မုန်ညင်းပင်များကို ခွေပြီး သိပ်ထည့်ပါ။ အပေါ်မှ ဆားနှင့် နနွင်း ပုံပါ။ စဥ့်အိုး သို့မဟုတ်-ပုလင်း တ၀က်ခန့် ရောက်အောင် ထမင်းရည်ကို အအေးခံပြီး လောင်းထည့်ပါ။ ပျစ်ခဲ မနေအောင် ရေ ရိုးရိုးကို ပုလင်း သို့မဟုတ်-ချဉ်အိုးပြည့်သည်အထိ မြှုပ်အောင် လောင်းထည့်ပါ။ ဆား၊ နနွင်းကို ရေမှာ ပျော်ဝင်အောင် လက်ဖြင့် လှုပ်ပြီး အပင်တွေ ရေမြှုပ်လျှင် အိုးဖုံးကို လုံအောင် ဖုံးပြီး သုံးရက်ခန့် ထားလိုက်ပါ။ သုံးရက်ခန့်ကြာလျှင် ရေလည်း ချဉ်၊ အပင်တွေလည်း ချဉ်ပါလိမ့်မည်။ ဆားမပေါ့စေနှင့်၊ မုန်လာကိုလည်း ထိုနည်းအတိုင်း လုပ်နိုင်သည်။
*******************************************************************************
( မုန်ညင်းချဉ်နှင့် ၀က်သား )
လိုအပ်သော ပစ္စည်း-
မုန်ညင်းချဉ်...................၅-ပင်၊
ဝက်သား (အဆီအသား)..အစိတ်သား၊
ကြက်သွန်နီ.................. ၁-ဥ၊
ကြက်သွန်ဖြူ ................ ၅-မြွှာ၊
ချင်း............................. လက်တဆစ်၊
ငရုတ်သီး အရောင်တင် .. ဟင်းဇွန်း ၂-ဇွန်း၊
ငံပြာရည်...................... ဟင်းဇွန်း ၂-ဇွန်း၊
ဟင်းခတ် အသားမှုန့်...... အနည်းငယ်၊
ဆား/နနွင်း.................. အနည်းငယ်၊
ဆီ.............................. ၂-ကျပ်ခွဲသား။
ဝက်သားကို အနေတော် တုံးပြီး ဆား၊ နနွင်း နယ်ထားပါ။ ကြက်သွန်နီ၊ ဖြူ၊ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့် ရောထောင်းပါ။ မုန်ညင်းချဉ်များကို အိုးမှ ဆယ်ပြီး လက်နှစ်လုံးခန့် လှီးဖြတ်ထားပါ။ ဦးစွာ ကြက်သွန်နီဖြူ ဆီသတ်ထားသည်တွင် အနံ့မွှေးလာလျှင် ၀က်သားထည့်၊ မုန်ညင်းချဉ်ထည့်ပြီး လုံးပါ။ ပြီးလျှင် ရေမြှုပ်အောင် ထည့်ပြီး တည်ထားပါ။ ၀က်သားနူးပြီး ရေခန်းခါနီး၌ မုန်ညင်းချဉ် အိုးထဲမှ အချဉ်ရည်ကို မြှုပ်ရုံထည့်ပြီး ဆက်တည်ပါ။ ငံပြာရည်၊ ဟင်းခတ် အသားမှုန့် သို့မဟုတ်-သကြား အနည်းငယ်၊ ဆားတို့ကို ရသာသင့်ရုံ ထည့်ပြီး တည်ထားပါ။ ဆူလာလျှင် အရည်ကို မြည်းကြည့်ပါ။ အရည်မှာ ချဉ်ပြီး စားကောင်းလျှင် ဟင်းအိုးကိုချပြီး စားနိုင်ပါပြီ။ အချဉ် လိုသေးလျှင် အရည်ထပ်ထည့်ပေးပါ။ ဆီပြန်လို မခြောက်ဘဲ အချဉ်ရည်ကို ခပ်စား၍ ရပါသည်။

( မုန်လာချဉ်နှင့် ၀က်သားဆီပြန် )
လိုအပ်သော ပစ္စည်း-
မုန်လာဥချဉ် ထွားထွား.................. ၃-ဥ၊
ဝက်သား (အဆီအသား) ............... အစိတ်သား၊
ကြက်သွန်နီ ................................ ၁-ဥ၊
ကြက်သွန်ဖြူ .............................. ၅ မြွှာခန့်၊
ချင်း .......................................... လက်တဆစ်၊
ငရုတ်သီးအရောင်တင် ................. ဟင်းဇွန်း ၂-ဇွန်း၊
ငံပြာရည် ................................... ဟင်းဇွန်း ၁-ဇွန်း၊
ဟင်းခတ် အသားမှုန့် ................... အနည်းငယ်၊
ဆား/နနွင်း ............................... အနည်းငယ်၊
ဆီ ........................................... ၂-ကျပ်ခွဲသား၊
ဝက်သားကို ရေဆေးပြီး အနေတော် တုံးပါ။ ဆား ၊ နနွင်းနှင့် နယ်ထားပါ။ ကြက်သွန်နီ၊ ဖြူ၊ ချင်း၊ ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်အောင် ရောထောင်းပါ။ မုန်လာဥကို လက်တဆစ်ခန့် လှအောင် တုံးထားပါ။ ဆီအိုးတည်ပြီး ကြက်သွန် ထောင်းထားသည်ကို ဆီသတ်ပါ။ ၀က်သား ထည့်၊ ရေမြှုပ်အောင် လောင်းပြီး ငံပြာရည်၊ ဟင်းခတ် အသားမှုန့် သို့မဟုတ်-သကြား၊ ဆား တို့ကို ထည့်ပြီး အသားနူးသည်အထိ တည်ပါ။ အသားနူးလျှင် မုန်လာဥချဉ်တုံးကလေးများ ထည့်၍ ရေခန်းသည်အထိ တည်ပါ။ ရေခန်း၍ ဆီပြန်လျှင် ၀က်သားနှင့် မုန်လာဥ ချဉ်ဟင်းကို စား၍ ရပါပြီ။

( ဘဲပေါင်း ကြန်မဆိုင် ဟင်းချို )
လိုအပ်သော ပစ္စည်း-
ဘဲသား.............................. ၃၀-ကျပ်သား၊
ကြန်မဆိုင် ထွားထွား ........... ၃-ပင်ခန့်၊
(မုန်ညင်းချဉ်)
ကြက်သွန်ဖြူ ...................... ၅-မြွှာ၊
ချင်း .................................. လက်တဆစ်၊
ဆီ .................................... ဟင်းခတ်ဇွန်း ၁-ဇွန်း၊
ဆား ................................. အနည်းငယ်၊
ကြက်သွန်မြိတ် .................. အနည်းငယ်၊
မုန်ညင်းချဉ် (ကြန်မဆိုင်) ကို အိုးမှ ဆယ်ယူပြီး ရေအနည်းငယ် ညှစ်၍ သင့်တော်သော အရွယ် လှီးဖြတ်ထားပါ။ ဘဲသားကို ရေစင်အောင် ဆေးပြီး သင့်သလို တုံးထားပါ။ ကြက်သွန်ဖြူ၊ ချင်းတို့ကို ထုထောင်းကာ ဆီသတ်ပြီး ဘဲသားကိုထည့်လုံးပါ။ ဘဲသားကို ကျစ်နေအောင် လုံးပြီးလျှင် ဘဲနူးသည်အထိ ပြုတ်ပေးပါ။ ဆား၊ အချိုခတ်ပါ။ ဆူပွက်လာလျှင် မုန်ညင်းချဉ်ကို ခတ်၍ သုံးဆောင်နိုင်ပါသည်။ ကြက်သွန်မြိတ်ကိုလည်း နုပ်နုပ်စဉ်း၍ ဖြူးသောက်နိုင်ပါသည်။
ဒေါ်လေးစိုး

No comments:
Post a Comment