ရောက်လာသူအပေါင်းရွှင်လမ်းချမ်းမြေ့ကြပါစေ

January 03, 2012

တစ်ခါက ပဲခူး ....




ပဲခူးမြို့သည် မြို့တော်ရန်ကုန်၏ မြောက်ဘက် ကီလိုမီတာ၈ဝခန့် အကွာအဝေးတွင် တည်ရှိသည်။ မြင့်မားသော တိုက်တာ အဆောက်အဦများ နှင့် ဇိမ်ခံဟိုတယ်ကြီးများ မရှိသော်ငြားလည်း လူဦးရေများပြားပြီး နေ့စဉ်ပျား ပန်းခတ် လှုပ်ရှား သွားလာနေကြသော လူများဖြင့်စည်ကားလျက်ရှိသည်။ ကုန်စည်များအပြည့်တင်ထားသော ထရပ်ကားများ၊ ဟိုနားသည်နားသွား လာနေကြသော ဆိုက်ကားများ၊ ခြေလှမ်းသွက်သွက်ဖြင့် ဝမ်းရေးအတွက် လှုပ်ရှားနေကြသောသူများ၏ မြင်ကွင်းမှာ ရန်ကုန်မြို့တော် တွင် မမြင်နိုင် သည့်အရာများဖြစ်သည်။ အရောင်းအဝယ်ကြောင့် ယခုကဲ့သို့သွားလာ လှုပ်ရှားနေပုံများကို မြင်တွေ့ နေရသော်လည်း ပဲခူးမြို့၏ နောက်ခံသမိုင်းကြောင်း ရာစုနှစ်ချီစွာ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းလှပေသည်။ ထင်ရှားကျော်ကြားသော ဘုရင်များ ပဲခူးတွင်ထီးနန်းစိုက်ခဲ့ကြရာ အသက်၁၄နှစ် အရွယ်တွင် ဘုရင်အဖြစ်ရောက်ရှိလာခဲ့သော တပင်ရွှေထီးမင်းသားအပါအဝင် ဖြစ်သည်။ နိုင်ငံသားများညီညွတ်မှုရှိအောင် စည်းရုံးနိုင်ခဲ့သောမင်းဖြစ် သည်။ ဘုရင့်နောင်မင်းမှာလည်း ဘုန်းတန်ခိုးကြီးမားသော မင်းတစ်ပါးဖြစ် ပြီး ထေရဝါဒဗုဒ္ဓဘာသာကို ထွန်းကားအောင်ဆောင်ရွက်နိုင်ခဲ့သော မင်း တစ်ပါးဖြစ်ပေသည်။ ပဲခူးမြို့သည် မြန်မာပြည်အောက်ပိုင်း တွင် တစ်ချိန်တစ်ခါက စည်ပင်သာယာသောချမ်းသာ ကြွယ်ဝသည့် မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က ပဲခူးမြစ်မှာ လှေ သင်္ဘော များ စုန်ဆန် သွားလာကြပြီးရွှေ၊ ပတ္တမြား၊ သစ်မွှေး၊ ပိုးထည်များနှင့် နာမည်ကျော် မုတ္တမအိုးများကို ရောင်းဝယ် ဖောက်ကား ခဲ့ကြသည်။

ပြန်လည်တူးဖော်ရရှိခဲ့သော သင်္ချိုင်းဂူများကို ယခုအခါ မပျက်စီးရအောင် ထိန်းသိမ်းထားနိုင်ပြီး ၄င်းတို့မှာ တစ်ချိန်က ပဲခူးမြို့တွင် အခြေချ နေထိုင်သွားသော နိုင်ငံခြားကုန်သည်များ၏ မှတ်တမ်းများဖြစ်ကြသည်။ ထိုစဉ်က ဒေသခံပန်းရံများ ပြုလုပ်ပေးခဲ့ သည်မှာ Hermo Stringfellow ဆိုသူ၏သင်္ချိုင်းဂူဖြစ်ပြီး Henry နှင့် Ann String Fellow တို့၏သားဖြစ် ကာ ၁၇၄၂ခုနစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ပေါ်တူဂီဘာသာဖြင့်ရေး သားထားသော်လည်း နာမည်အသံထွက်မှာ အင်္ဂလိပ်နာမည်မျိုးဖြစ်သည်။ လူမျိုးပေါင်းစုံ ပဲခူးသို့ရောက်ရှိလာခဲ့ကြပြီး ၄င်းတို့မြင်တွေ့ခဲ့ရသည့်ထူးဆန်းအံ့သြဖွယ်ရာများကို မှတ်တမ်းတင်ရေးသားခဲ့ကြသည်။ ၁၅ဝ၃ ခုနစ်တွင် အီတလီနိုင်ငံမှ Ludovico do Varthems ရောက်ရှိလာခဲ့ပြီး ဓမ္မစေတီမင်း၏ သားတော်ကိုတွေ့ရှိခဲ့သည်။ ပဲခူးမြို့တော်၏ ဆန်းကြယ်မှုနှင့် ဘုရင်၏ တန်ဖိုးမဖြတ်နိုင်သော ပတ္တမြားလည်ဆွဲအပါအဝင် ကျောက်မျက် ရတနာမျိုးစုံတို့ကို အံ့သြသင့်ဖွယ် တွေ့ရှိခဲ့ရကြောင်းရေးသားခဲ့သည်။ သူသည် အရောင်းအဝယ်ကိစ္စဖြင့်လာရောက်ခြင်းဖြစ်ရာ သန္တာကျောက်များ ရောင်းချရာတွင် ဘုရင်ကပတ္တမြားများ ပြန်ပေးခဲ့သည်။

ပဲခူးမြို့ကို ရှေးဟောင်းအမည်ဖြင့် ဟံသာဝတီဟူ၍လည်းခေါ်ဆို ခဲ့ကြပြီး စိတ်ဝင်စားဖွယ်ဒဏ္ဍာရီပေါင်းမြောက်များစွာရှိသည်။ ဟံသာဝတီ မင်းနေပြည်တော်သည် ပဲခူးမြစ်နံဘေးတွင်တည်ရှိပြီး တစ်ချိန်ကရန်ကုန်မြစ် အတွင်းသို့ရေစီးသန်စွာဖြင့် စီးဆင်းကာ ပင်လယ်ဆီသို့ ဆက်၍စီးဆင်းသွားသည်။ တစ်ချိန်က ထိုအရပ်ဒေသသည် ရေအောက်တွင်အတော်များများ မြုပ်နေပြီး ရေစီးကြောင်း များကြားမှ တောင်ပူစာတစ်ခုပေါ်ထွက်နေသည်။ ရွှေရောင်လည်မွှေးဆံများပါရှိသော ဟင်္သာငှက်နှစ်ကောင်သည် ထိုတောင် ပူစာပေါ်တွင် နားခိုနေသည်ကို အိမ်ရှေ့မင်းသမီးနှစ်ပါးက မြင်တွေ့ခဲ့ပြီး နောင်တွင် ထိုနေရာ၌ မင်းနေပြည်တည်ထောင်ခဲ့သည်။ ခြောက်သွေ့ပြီးနား နိုင်သော နေရာမှာအလွန်ကျဉ်းသဖြင့် ဟင်္သာအမသည် ဟင်္သာအဖို၏ ကျောကုန်းဘက်တွင်နားခိုခဲ့ရသည်။ ဤုဖြစ်ရပ်ကို မူတည်ပြီး အခြေအမြစ် မရှိသော ယုံတမ်းစကားများထွက်ခဲ့ရာတွင် အိမ်ထောင်သည်ပဲခူးသူများ သည် လင်ယောက်ျား အပေါ် အနိုင်ယူတတ်ကြသည်ဟူ၍ဖြစ်သည်။ မည်သို့ပင် ပြောဆိုကြသည်ဖြစ်စေ ပဲခူးသားများသည် မိန်းမအပေါ်ကြင်နာမှုရှိပြီး လင်ယောက်ျားကောင်း တစ်ယောက်ဖြစ်သည်ဆိုပါက ပို၍မှန်ကန်ပေမည်။


မည်သို့ဆိုစေလှပသော ဟင်္သာငှက်သည် မွန်လူမျိုးတို့ မြတ်နိုး တန်ဖိုးထားသော သင်္ကေတတစ်ခုဖြစ်သည်။ ဟင်္သာငှက် နှစ်ကောင် နားခို သော နေရာတွင် အထိမ်းအမှတ်အဖြစ် 'ဟင်္သာကုန်းဘုရား'တည်ထားကိုး ကွယ်ထားသည်။

ပဲခူးနေပြည်တော်တွင် စိုးစံသွားခဲ့ကြသော ရှင်ဘုရင်များအနက် ထင်ရှားကျော်ကြားသောမင်းမှာ ၁၄၇၁မှ၁၄၉၂ခုနစ်အထိ စိုးစံခဲ့သောဓမ္မ စေတီမင်းဖြစ်သည်။ မင်းသက်၂၁နှစ်အတွင်း ပဲခူးတွင်ဘုရားပေါင်းမြောက် များစွာတည်ထားခဲ့သည်သာမကရန်ကုန် (ထိုစဉ်ကဒဂုံဟုအမည်တွင် သည်)၌ ရွှေတိဂုံဘုရားကိုလည်း သူနှင့် သူ့မိဖုရားတို့က သူတို့ကိုယ် အလေးချိန်နှင့် ညီမျှသောရွှေသားဖြင့် လေးကြိမ်တိတိရွှေချခဲ့ကြသည်။ ဓမ္မစေတီမင်း၏ ယောက္ခမတော်စပ်သူဘုရင်မကြီး ရှင်စောပုသည် ရွှေတိဂုံဘုရားကို ပထမဆုံး ရွှေချခဲ့သည်ဖြစ်ရာ သူ၏ကိုယ်အလေးချိန်နှင့် ညီမျှသော ရွှေသားအလေးချိန်၄၂ကီလိုဂရမ်ခန့်ဖြင့် ရွှေချခဲ့ခြင်း ဖြစ်သည်။ ရွှေတိဂုံ ရင်ပြင်တော်ပေါ်တွင် ဓမ္မစေတီမင်းစိုက်ထူခဲ့သော ကျောက်စာသုံးခု မှာ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းဝင်အထောက်အထား ဖြစ်သည်။

ဓမ္မစေတီမင်းသည် ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် အလေးချိန် ၁၂ဝဝဝဝ ကီလိုဂရမ်ရှိသော ကြေးခေါင်းလောင်းတစ်ခုကို လည်း ပြုလုပ်လှူဒါန်းခဲ့ရာ နောင်နှစ် ၁၃ဝခန့်ကြာတွင် ပေါ်တူဂီစူးစမ်းရှာဖွေရေးသမား ဒီဘရစ်တိုက ခိုးယူပြီးသဘောင်္ဖြင့် သယ်ဆောင်သွားခဲ့သည်။ ကြေးခေါင်းလောင်းကြီးသည် ရန်ကုန်မြစ်အတွင်း နစ်မြုပ်သွားခဲ့သည်။ ထိုခေါင်းလောင်းကြီးသည် ရွှေတိဂုံ ဘုရားဖူးမြော်ရန် လပြည့်ညတိုင်း ရေမျက်နှာပြင်ပေါ် တက်လာသည်ဟူသော ပြောဆိုမှုများလည်းရှိသည်။

ဓမ္မစေတီမင်း၏သမိုင်းကြောင်းမှာ ပဲခူးမြို့ကဲ့သို့ထူးခြားစိတ် ဝင်စားဖွယ်ကောင်းလှသည်။ သူသည်မွန်ရဟန်းတစ်ပါးဖြစ်ပြီး ဘွဲ့တော်မှာ ရှင်ဓမ္မစေတီဖြစ်သည်။ တခြားရဟန်းတစ်ပါးဖြစ်သော ရှင်ဓမ္မပါလနှင့်အတူ သာသနာပြုရန် အထက်မြန်မာပြည် အင်းဝမြို့တော်သို့ ခရီးထွက်ခဲ့ကြသည်။ အသက်အရွယ်ငယ်သေးသော်လည်း မွန်မိဖုရားရှင်စောပု၏ ကြည်ညိုရိုသေခြင်း ကိုခံရသော ဆရာတော်များဖြစ်လာခဲ့ကြသည်။ ထိုအချိန်က ရှင်စောပု မှာ အစ်ကိုဖြစ်သူ ပဲခူးဘုရင်၏ ဆက်သမှုဖြင့် အင်းဝဘုရင်၏ မိဖုရားအဖြစ် နန်းတော်တွင်စံမြန်းနေသည်။


အင်းဝဘုရင်နတ်ရွာစံသွားသည့်အခါ နောက်တက်လာသော ဘုရင်ကရှင်စောပုအားချုပ်နှောင်ထားသော်လည်း ရဟန်းနှစ်ပါး၏ အကူ အညီဖြင့် လွတ်မြောက်လာခဲ့သည်။ အောက်မြန်မာပြည်သို့ ထွက်ပြေး လာခဲ့ပြီး အစ်ကိုဖြစ်သူ ပဲခူးရှင်ဘုရင်၏ ကာကွယ် စောင့်ရှောက်မှု အောက်တွင်နေထိုင်ခဲ့သည်။ အစ်ကိုဘုရင်ကြီးနတ်ရွာစံသွားသောအခါ ရှင်စောပု သည် ဟံသာဝတီကို ၇နှစ် အုပ်ချုပ်ခဲ့သည်။

အသက်၆၆နှစ်အရွယ်ရောက်သည့်အခါ ထီးနန်းကိုစွန့်ပြီးတရား ဓမ္မနှင့် ငြိမ်းချမ်းစွာနေထိုင်လိုစိတ်ဖြစ်လာသည်။ ထီးနန်းမွေ ဆက်ခံမည့် တစ်ဦးတည်းသော သမီးတော်မှာ နူးညံ့သိမ်မွေ့ပြီး အေးအေးဆေးဆေးနေ ထိုင်သူဖြစ်သည်။ ထို့ကြောင့်ဆရာဖြစ်သူ ရဟန်းတစ်ပါးပါးနှင့် လက်ဆက်ပေးပြီး ထီးနန်းအမွေပေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။

နန်းတွင်း၌ကျင်းပသည့် အထူးအခမ်းအနားတစ်ခုတွင် အဖုံးဖုံးထားသော ယွန်းသေတ္တာနှစ်ခုကိုယူလာစေပြီး ဆရာရဟန်းအား ဆက်ကပ် လှူဒါန်းသည်။ ယွန်းသေတ္တာတစ်ခုတွင် အစားအစာများပါရှိပြီး တခြားတစ်ခုတွင် မင်းမြောက်တန်ဆာများပါရှိသည်။ ရှင်ဓမ္မစေတီသည် မင်းမြောက်တန်ဆာပါရှိသော ယွန်းသေတ္တာကိုရရှိခဲ့သည်။ ရှင်စောပုက သူ၏ ရည်ရွယ်ချက်ကိုရှင်းပြပြီး သမီးတော် နှင့် လက်ဆက်ကာ ဟံသာဝတီိကိုအုပ်ချုပ် မင်းလုပ်ရန် တောင်းဆိုသည်။ ဓမ္မစေတီသည် ရဟန်းဘဝနှင့် ရှင်ဘုရင်ဖြစ် လာပြီး နောက်ပိုင်းတိုင်းပြည်ကို မင်းကျင့်တရားနှင့်အညီ ဥာဏ်အမြှော်အမြင် ကြီးစွာဖြင့် အုပ်ချုပ်ခဲ့သည်။

ဘုရင်ဖြစ်လာချိန်တွင် အရေးကြီးဆုံးသောလုပ်ဆောင်ချက်မှာ သာသနာသန့်ရှင်းရေးဖြစ်သည်။ ရဟန်းကျင့်ဝတ်နှင့်မညီသော ရဟန်းများ ကိုလူဝတ်လဲစေပြီး ရဟန်းသိက္ခာကျင့်ဝတ်နှင့်ညီသူများကိုသာ ရဟန်း ဘောင်တွင် နေထိုင်ခွင့်ပြုသည်။ ရဟန်းကျင့်ဝတ်နှင့် ညီခြင်းရှိမရှိ စစ်ဆေးမှုများပြုလုပ်ရန် ကလျာဏီသိမ်တော်ကို ၁၄၇၆ခုနစ်တွင် ဓမ္မစေတီမင်းက တည်ဆောက်ခဲ့သည်။ ယခုအခါ မူလကလျာဏီ သိမ်တော်ကြီးမရှိတော့ဘဲ ပုံတူသိမ်တော်ကို သီရိလင်္ကာနိုင်ငံတွင်သာ တွေ့ရှိနိုင်သည်။


ဓမ္မစေတီမင်းတည်ဆောက်ခဲ့သော မူလကလျာဏီသိမ်တော် ကြီးမှာ ၁၅၉၉ခုနစ်တွင် ဒီဘရစ်တိုက ပထမဦးစွာဖျက်ဆီးခဲ့ပြီး နောက်ပိုင်း စစ်ပွဲများနှင့် မြေငလျင်ဒဏ်များကြောင့် ပျက်စီးခဲ့ရသည်။ ၁၉၅ဝပြည့်လွန် နှစ်များတွင် ပြန်လည်ပြုပြင်ခဲ့သော သိမ်တော်မှာ ဗုဒ္ဓဘာသာဝင်ဘုရားဖူး များအတွက် အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။

ထိုနှစ်မှာပင် ဓမ္မစေတီမင်းသည် ကျိုက်ပွန်ဘုရားကိုတည်ထား ကိုးကွယ်ခဲ့ရာ စတုရန်းတိုင်ကြီးပေါ်တွင် အလွန်ကြီးမားသော ဗုဒ္ဓ ဆင်းတုတော်ကြီးလေးဆူ အရှေ့အနောက် တောင်မြောက် အရပ်လေး မျက်နှာသို့ မျက်နှာမူနေသည့် ဆင်းတုကြီးများဖြစ် ကြသည်။ ဦးခေါင်း တော်များပေါ်တွင် အမိုးအကာမပါရှိပေ၊ ဆင်းတုတော် ကြီးများကို အမိုး အကာဆောက်ခဲ့ရာ အောင်မြင်မှု မရခဲ့ကြောင်းသိရသည်။

ကျိုက်ပွန်ဘုရားနှင့် မနီးမဝေးပဲခူးမြို့သို့ မရောက်ခင်နေရာတွင် သမိုင်းကြောင်းနှင့် ဘာသာရေးအရ စိတ်ဝင်စားစရာ ကောင်းသော နေရာတစ်ခုရှိနေသည်။ မြတ်စွာဘုရား၏ဖြစ်စဉ် ဗုဒ္ဓဝင်အရ သဗ္ဗညု ဥာဏ်တော် မရမချင်းတရားကျင့်ကြံရန် အဓိဋ္ဌာန်ပြုရာတွင် သတ္တဋ္ဌာန(၇)နေရာနှင့် အရေးကြီးသော ဖြစ်စဉ်များဖြစ်ပျက်ခဲ့ရာနေရာများရှိခဲ့သည်။ ဗောဓိညောင် ပင်အောက်တွင် တရားကျင့်ကြံစဉ် မာရ်နတ်၏နှောက်ယှက်ခြင်းကို ခံခဲ့ရသည် စသည်တို့ဖြစ်ကြသည်။ ဗုဒ္ဓဖွားမြင်တော်မူရာ ဗုဒ္ဓဂါယာတွင် အဆိုပါ နေရာများ ၌ ဘုရားများတည်ထားသည်ကို မြင်တွေ့နိုင်သည်။

ဗုဒ္ဓဂါယာရှိဘုရားများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ စေတီပုထိုးများ၏ ပုံတူများနှင့်တစ်နေရာနှင့် တစ်နေရာ အကွာအဝေးစသည့် အချက်အလက်များကို ရယူသိရှိနိုင်ရန် ရဟန်းတော်များကို ထိုနေရာများ သို့ ဓမ္မစေတီမင်းက အထူးတာဝန်ပေး စေလွှတ်ခဲ့သည်။ စေလွှတ်ခဲ့သော ရဟန်းတော်များ ပြန်ရောက်လာသည့်အခါ ကျောက်ပွန်ဘုရားများ အနီးတစ်ဝိုက်တွင် ကျယ်ဝန်း သောနေရာတစ်ခုကို ရှင်းလင်းခဲ့သည်။ ထိုနေ ရာတွင် ဗုဒ္ဓဂါယာမှရရှိလာသော ပုံစံများနှင့် တိကျသောနေရာအကွာ အဝေးအတိုင်း စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများကို ဓမ္မ စေတီမင်းက တည်ဆောက်ခဲ့သည်။


ရွှေဂူကြီးဘုရားတွင်တည်ထားသည်မှာ ဗောဓိညောင်ပင် အောက်တွင် စံပ္ပာယ်နေသော ဗုဒ္ဓဘုရားရှင်အား မာရ်နတ်က နှောက်ယှက် ဖျက်ဆီးရန်စေလွှတ်လိုက်သော အမှတ်သင်္ကေတပင်ဖြစ်သည်။ မူလဂူတန် ဆောင်းမှာ ထိုအရပ်ဒေသတွင် ကြိမ်ဖန် များစွာ လှုပ်ခဲ့သောမြေငလျင် ကြောင့် ယခုအခါပျက်စီးသွားပြီဖြစ်သော်လည်း ဗောဓိညောင်ပင်အိုကြီးမှာ ထိုအပျက်အစီးများ အနီးအပါးတွင် ယခုတိုင်ရှိနေဆဲဖြစ်သည်။ တောက်ပသော ကျောက်ပြားများနှင့် မာရ်နတ်များ၊ လူသားတို့၏ကိုယ်ခန္ဓာများနှင့် ကျားများ ဆင်များ၏ ခေါင်းများကိုထုဆစ်ထားသော ကျောက်ထွင်းပန်းပုများ အဆိုပါ တန်ဆောင်းတွင်ရှိခဲ့ဖူးသည်။ ထိုခေတ်အခါက စဥ့်ထည် မြေထည်ကျောက် သားအရောင်အဆင်းများမှာ လှပသော အစိမ်း၊ အပြာနှင့် စိမ်းပြာရောင်ဖြစ် ခဲ့သလို များသောအားဖြင့် အညို၊ အနက်နှင့် မီးခိုးရောင်များလည်း ဖြစ်ကြသည်။ ကမ္ဘောဇဋ္ဌာနီဟု ခေါ်ဆိုသည့်ဘုရင့်နောင်မင်း၏ နန်းတော်အတိုင်း ပုံတူဆောက်လုပ် ထားသည့် နန်းတော်ဝင်းအတွင်းရှိ ပြတိုက်တွင်၎င်းတို့ကို မြင်တွေ့နိုင်သည်။

ရွှေဂူကြီးဘုရားနှင့် သိပ်မဝေးလှသောနေရာတွင် တောင်ပို့ငယ် တစ်ခုရှိပြီး ထိုနေရာမှာတစ်ချိန်က က္ကစ္ဆပါလစေတီရှိခဲ့သည်။ ဘုရား အလောင်းအားမာရ်နတ်၏ သမီးသုံးယောက်ကလာပြီး သွေးဆောင်သော နေရာတွင် စေတီတည်ထားခြင်းဖြစ်သည်။ မာရ်နတ် ၏ သမီးသုံးယောက်သည် တစ်ယောက်က အမျိုးသမီးငယ်၊ တစ်ယောက်ကမိန်းကလေးနှင့် နောက်တစ်ယောက်က ကလေး တစ်ယောက် အမေအဖြစ် အသွင်ပြောင်း လာခြင်းဖြစ်သည်။ ထိုသုံးယောက်စလုံးကို ဘုရားအလောင်းကလက်မခံဘဲ ငြင်းဆန်ခဲ့သည်။ ထိုဖြစ်စဉ်အကြောင်းများကို က္ကစ္ဆပါလစေတီတော်တွင် ရောင်စုံစဥ့်ထည်များဖြင့် လှပစွာပြုလုပ်ထားသည်။ အဆိုပါ မာရ်နတ်နှင့် အပေါင်းအပါများ၏ စဥ့်လက်ရာများမှာ အလွန်တန်ဖိုးကြီးလှပြီး စုဆောင်းသူများကြိုက်နှစ်သက်ကြသော ရှေးဟောင်းမြန်မာ့ လက်ရာများ ဖြစ်သည်။ အတော်များများမှာ ကိုလိုနီခေတ်က အခိုးခံခဲ့ရပြီး ယခုအခါ ကမ္ဘာ့အနှံ့ရှိ ပြတိုက်များတွင် ရှိနေကြသည်။

နဂါးမင်းနေထိုင်ရာနှင့် မြတ်စွာဘုရားအား ၄င်း၏ပါးပျဉ်ဖြင့် မိုးရေမှ ကာကွယ်ပေးထားသော နေရာဖြစ်သည့် မုစလိန္ဒာ ကန်တော်ကိုလည်း ဓမ္မစေတီမင်း၏ တည်ဆောက်မှုများတွင် တွေ့နိုင်သည်။ အဆိုပါကန် ကြီးအားတည်ဆောက်စဉ်က မှတ်တမ်း တင်ခဲ့သော ကျောက်စာများကို စုဆောင်းထားပြီး အနီးရှိဂိုဒေါင် တစ်ခုတွင် သော့ခတ်သိမ်းဆည်းထားသည်။ ယခုအခါထိုနေရာတွင် စည်ကားစပြုလာ နေပြီဖြစ်သော်လည်း ကျေးလက်ဓလေ့ဆန်သော နေရာဖြစ်ပြီး အေးချမ်းသာယာကာ သစ်ပင်များဖြင့် စိမ်းလန်း စိုပြေလျက် ရှိသည်။

ပဲခူး၏သမိုင်းကြောင်းကို နောက်ကြောင်းပြန်ရပါက ၁၅ ရာစု အချိန်ကတည်းက စတင်ခဲ့ပြီး ရွှေမော်ဓောစေတီကို ပထမဆုံး တည်ထားခဲ့စဉ်က ဆိုလျှင်နှစ်ထောင်ကျော်ခဲ့ပြီဖြစ်သည်။ ဓမ္မစေတီမင်းနန်းတက်ခဲ့စဉ် ကရွှေမောဓောစေတီ၏ ဥာဏ်တော်အမြင့်မှာ ၈၄မီတာရှိနေသည်။ မြေငလျင်လှုပ်သည့်ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပြီးသည့်နောက် ပျက်စီးမှုများစွာကြုံခဲ့ရကာ ၁၉၃ဝခုနစ်တွင် ထီးတော်မြေခခဲ့ရသည်။ စေတီတော်၏ ထီးတော်မှာ ရင်ပြင်တော်ပေါ်တွင်ရှိနေခဲ့ပြီး စုလစ်မွန်းချွန်ထီးတော် ကို ဗုဒ္ဓဘာသာဝင်များ ရိုသေ ဦးညွတ်ဖူး မြော်ခွင့်ရရှိခဲ့သည်။ ၁၉၅ဝပြည့်လွန်နှစ်ကာလ များတွင် ထီးတော်သစ်ကိုပြန်တင် နိုင်ခဲ့ပြီး ယခုအခါဥာဏ်တော်၏ အမြင့်မှာ ၁၁၄မီတာရှိသည်။


နောက်ထပ်သွားရောက်လည်ပတ် သင့်သည့်နေရာမှာ ကျက်သရေရှိပြီး သပ္ပာယ်သောရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်သည်။ အလွန်ကြီးမားသော သွပ်ခေါင်မိုးဖြင့် ကာရံထားပြီး သံတိုင်များဖြင့် တည်ဆောက်ထားသည်မှာ ထူးခြားဆန်းကြယ်စွာဖြင့် မြင်တွေ့နိုင်သည်။ ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဒီပဘုရင်က ၉၉၄ ခုနစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ သူသည် ဗုဒ္ဓ၏ တရားများကို ယုံကြည်သူမဟုတ်၊ ဗုဒ္ဓဘာ သာဝင်ပေါင်းမြောက်များစွာကို နှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်ခဲ့သည်။ တစ်နေ့တွင် ဒီပဘုရင်သည် သူ၏မိဖုရားအား ဗုဒ္ဓ၏တရားတော်များကို လေ့လာစေသည်။ မိဖုရားက သူ့အားဗုဒ္ဓ၏တရားတော်များမှာငြိမ်းချမ်းပြီး ကောင်းကျိုးချမ်းသာဖြစ်စေကြောင်း တရားပြပြီးလူကောင်းတစ်ယောက် အဖြစ်ပြောင်းလဲပေးခဲ့သည်။ လဲလျောင်းနေသော ဗုဒ္ဓ၏ ရုပ်ပွားတော်ကြီးမှာ ခြုံနွယ်များနှင့် သစ်တောများအောက်တွင် နှစ်ပေါင်းများစွာဖုံးအုပ်နေခဲ့ရာ မှ ၁၉ ရာစုတွင် ၄င်း၏အနီး တစ်ဝိုက်ရှိ မြေများကို ရထားလမ်းဖောက်လုပ်ရန် တူးဖော်ခဲ့စဉ်ပြန်လည်တွေ့ရှိခဲ့သည်။ ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးအား အပေါ်မှ သွပ်မိုး အကာများ ဆောက်လုပ်ခဲ့ရာ ၁၉၃ဝ ခုနစ်တွင်ပြီးစီးခဲ့သည်။ အများပြည်သူက ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေများ ထည့်ဝင်ခဲ့ကြသည်။

ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အနီးတွင်ရှိသော မှတ်တမ်းအရ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ၅၄.၈၈မီတာရှည်လျားပြီး မျက်ခုံးမွှေး တစ်ခုစီ မှာ ၂.၂၉ မီတာရှိသည်။ လက်သန်းတော်၏အရွယ်အစားမှာ ၃.ဝ၅ မီ တာနှင့် ခြေမတော်၏ အရွယ်အစားမှာ ၁.၈၃မီတာရှိသည်။

ပဲခူးမြို့မှာ ဘာတွေကြည့်ရှု့စရာတွေရှိနေမလဲဆိုတာ သိပြီးရင်ဖြင့် ဒီမြို့ဟာအလွန်ကြီးမားတဲ့မြို့လေးတစ်မြို့ ခုချိန်မှာ ဖြစ်ချင်ဖြစ် ပေမယ့် ဒါတစ်ချိန်က အလွန့်အလွန်ကြီးမားလှတဲ့ မြို့တစ်မြို့ဖြစ်ခဲ့ဖူးတာကိုတော့ သင်ဘယ်တော့မှ မမေ့နိုင်ပါဘူး။

(Once upon a time, in Bago by Ma Thanegi ကိုပြန်ဆို ထားပါသည်။)

ကျော်ဌေး(ဘီအေစီ)


No comments: