ရောက်လာသူအပေါင်းရွှင်လမ်းချမ်းမြေ့ကြပါစေ

January 19, 2012

မွန်ဘုရာမကြီးရှင်စောပု


မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု
ဒေါက်တာ နိုင်ပန်းလှ




ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း တလျှောက်တွင် ရှင်စောပု ဟူ၍ မွန်ဘုရင်မတစ်ပါး ထူးခြားစွာ ပေါ်ထွန်းခဲ့ပေသည်။

မွန်ကျောက်စာများတွင်ြ၈ီတြိဘုဝနာဒိတျ ပြ၀ရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ၀ိဟာရဒေ၀ီ ဟူ၍လည်းကောင်း၊ ဗညာထာဝ် ဟူ၍လည်းကောင်း ပါရှိသည်။ မွန်ရာဇ၀င်တွင် ၀ိဟာရဒေ၀ီ၊ ၀ိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ (မင်းအို) နှင့် သေ၀်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည်အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။

ရှင်စောပုသည် မွန်ရာဇ၀င်တွင် အလွန်ထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင် နှင့် မိဘုရား သုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စောပု၏ မွေးနေ့ သက္ကရာဇ်သည် ၇၅၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ နေ့နံအရ ၀ိဟာရဒေ၀ီ ဟု စတင်ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့်အတူ တမိတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညားရာံ) ဖြစ်လေသည်။

သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ်ရှိပြီဖြစ်သော ရှင်စောပုအား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။ ရှင်စောပုတွင် သမီးနှစ်ယောက်နှင့် သားတယောက် ထွန်းကားခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် (မိပ္ကထ၀်) နှင့် မိကာသင်(မိပ္ကသြန်)၊ သားကို ဗညားဗရူး (ဗညားဗရောဝ်) ဟူ၍ အမည်ပေးလေ၏။

သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေသည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ နန်းတက်လေသည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူ မှအစ မိုးညှင်းမင်းတရားအထိ အင်းဝ မင်းလေးဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် ခုနစ်နှစ် ကြာမျှ စံနေခဲ့ရလေသည်။

အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာရာဇဝင်များ၌ တဖုံ ဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။ မြန်မာရာဇဝင်များ ဖြစ်သော ဦးကုလား၊ မှန်နန်းနှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာဝတီတွင် ဗညားရံ (ဗညားရာံ) နှင့် ညီတော်အထွေး ဒဂုန်စား ဗညားကျန်းတို့ ပုန်ကန်ကြလေ၏။ ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်းကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝတို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြသည်။ ဗညားဓမ္မရာဇာသည် ဗညားရံကို ဒဂုန်စားအဖြစ် ပြောင်းပေး၍ ဗညားကျန်းကို မုတ္တမစားအဖြစ် စေလွှတ်သည်။ အင်းဝတပ်တို့သည် ပုသိမ်နှင့် ဒလ(ယခု တွံတေး) တို့ကို အောင်မြင်ပြီးနောက် ဒဂုန်ကို ဆက်လက် တိုက်ခိုက်သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံထား၏။ ယင်းသို့ ဝိုင်းရံထားရာ၌ တလခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပုကို ဆက်သလိုက်လေသည်။ ဗညားရံသည် ပြာသာဒ်သုံးဆောင် ဆောက်ပြီးလျှင် နှမတော်ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီးတို့၏ အဆောင်အယောင်နှင့် တကွ ကိုယ်လုပ်အမျိုးသမီး သုံးကျိပ် အထိန်းအချီ ခန့်ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာအမတ် ဝိုင်းရံပြီးလျှင် သီဟသူမင်း ထံသို့ ပို့လေသည်။ သီဟသူလည်း မိမိဖောင်တော်ထက်မှ လက်လှမ်းဆီးကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပုသည် အပြင်အလျာ အရောင်အဆင်း ကောင်းမြတ်လှသောကြောင့် သီဟသူမင်း အလွန် လေးမြတ်တော်မူလေသည်။

သို့ရာတွင် မွန်ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ်တို့ ပြန်ဆိုသည့် ဟံသာဝတီမင်းဆက် ရာဇဝင်မူများအရ သိရပြန်သည်မှာ ရှင်စောပုသည် ဆံတော်ရှင် ဒဂုန်ဘုရားသို့ မကြာခဏ ကြွရောက်ဖူးမြှော်လေ့ရှိသည်။ ထိုသို့ အစောင့် အရှောက် နည်းပါးစွာဖြင့် ရှင်စောပုသည် ဟံသာဝတီနှင့် ဒဂုန်သို့ ဘုရားဖူးရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာမခန့်၍သာ ထိုသို့ အစောင့်အရှောက် နည်းပါးစွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပုအား ဖမ်းယူရန် မင်းနန္ဒသူအား စစ်တပ်အင်အား လုံလောက်စွာဖြင့် ဒဂုန်အနီး တောစခန်းတနေရာသို့ စေလွှတ်လိုက်လေသည်။ ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန်သို့ ဆံတော်ရှင်ဘုရား မူးမြော်ရန် ဥပုသ်နေ့တနေ့တွင် ယခင်နည်းအတိုင်း ဆင်စီး၍ အစောင့်အရှောက် နည်းပါးစွာဖြင့် ထွက်ခွာလာရာ ဒဂုန်အနီး တောစခန်းသို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူသည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စောပုအား ဆင်ထက်မှ မဆင်းစေဘဲ အသာအကြည် အင်းဝသို့ ခေါ်ဆောင်သွားသည်ဟု ဖြစ်လေသည်။

မည်သို့ဆိုစေ ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များအားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။

ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။

ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်းစိုးစံနေသည်။ ဗညားရံသည် နှမတော် ပြန်ရောက်လာလျှင် ဝမ်းမြောက် ဝမ်းသာရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။ ရှင်စောပုသည် ဟံသာဝတီပြည်သို့ ပြန်ရောက်ြပီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်းတဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာတော် အများအပြား ဆွမ်းကပ်လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။

သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော် ဖြစ်သော ဗညားကျန်းသည် ထီးနန်းရိုက်ရာကို ဆက်ခံသည်။ ဗညားကျန်းလည်း နန်းသက် မကြာရှည်ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ ခြောက်လမျှသာ နန်းစံရလေသည်။

မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ပြီး ဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေသည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက်တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီးလက်ထက်တွင် ဟံသာဝတီသည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်းသာယာနေလေသည်။



(မြန်မာ့စွယ်စုံ ကျမ်းအတွဲ(၁) ၁၉၇ဝ ပြည့်နှစ်၊ ပထမနှိပ်ခြင်းမှ အနည်းငယ် ပြင်ဆင်ဖြည့်စွက်ပြီး အများသိသာရန် ဖော်ပြပါသည်။)

(မူရင်း- ကလျာမဂ္ဂဇင်း)

ဒေါက်တာ နိုင်ပန်းလှ  စက်တင်ဘာ ၁၈၊ ၂၀၀၈။

January 09, 2012

အမေများနေ့ အမှတ်တရ.... ( သူတို့တွေနဲ့ နှုတ်ဆက်ချိန်)

အလင်းကို စမြင်ဖူးကတည်းက သားတို့ ဆုံခဲ့ကြတယ်
အခု မျက်စိတွေလဲ မမှိတ်ကြသေးပါဘူး.. မေမေရယ်...
သား.. လက်တွေကတော့ အကြိမ်ကြိမ်ပြ နှုတ်ဆက်ခဲ့ရပါတယ်...
ရင်ဘတ်ချင်းတွေ စိတ်ချင်းတွေ အယူအစချင်း တူညီကြလို့
သားတို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်... မေမေ
အကြောင်းတရားတွေရဲ့ ကြားမှာ...
အကျိုးတရားများကို သားတို့ အတူတူ ဖွာရှိုက်ခဲ့ကြပါတယ်...
မထင်ပါဘူး မေမေရယ်..
လျှောက်နေတဲ့ လမ်းတွေ မတူညီရုံတစ်ခုလေးနဲ့တင်..
ဝေးကြရပြန်ပြီပေါ့... တစ်ယောက်လဲမဟုတ်... နှစ်ယောက်လဲမဟုတ်...
လမ်းတွေကို ချဲ့ထွင်ရင်းနဲ့ နှုတ်ဆက်ရဖန်များလာတော့
နေ့ရက်တွေက အရင်လို မချိုမြိန်ကြတော့ဘူး မေမေရယ်...
ဒါပေမဲ့ သားဝမ်းသာပါတယ်....
သူတို့တွေကို ငြိမ်းချမ်းစွာ ကိုယ်လိုအပ်တဲ့နေရာကို ....
ရောက်အောင်သွားကြပါလို့ သားပြောလိုက်မိပါတယ်.. မေမေ
ပြုံးပြီးပြောရတဲ့ အဖြစ်ကို သား အင်မတန်မှလဲစက်ဆုပ်တယ် မေမေရယ်..
သားကို ထားသွားတဲ့သူတွေနဲ့ သားက ထားခဲ့ရမယ့်သူတွေ ကိုတော့
စိုစွတ်နေတဲ့ သားရဲ့မျက်ဝန်းတွေ ခြောက်သွေ့ဖို့
သံယောဇဉ်ကို သားကိုယ်တိုင် ထင်းစိုက်ချင်တယ် မေမေရယ်...
တွေ့ဆုံကြုံကွဲကြတယ် ဆိုတဲ့ ဝေါဟာရကိုတော့ သား အကျအနထုပ်ပိုး...
သားကိုယ်တိုင် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး အဝေးကိုပစ်လိုက်ချင်မိပါတယ်...
အင်းလေ သူတို့နဲ့ နှုတ်ဆက်တဲ့ချိန်ရောက်နေပြီကို...
ဟန်ဆောင်ငွေ့တွေနှင့်အတူ အူနေတဲ့ နှုတ်ဆက် မီးခိုးတွေအများကြီးကြားမှာ..
သား အရမ်းကို ခေါင်းမူးခဲ့ပါတယ် မေမေရယ်....
နဂိုကတည်းက ပူအိုက်တတ်လွန်းတဲ့ နွေရာသီတွေမှာ
ဒီနေ့အပူဆုံးမို့ သား တကယ်ကို မပြုံးချင်တော့ပါဘူး မေမေရယ်...
ကံကြမ္မာကို ရိုးမယ်ဖွဲ့ဖို့ကြပြန်တော့လဲ သားက ဘာကောင်မှမဟုတ်ခဲ့တော့
မေမေရယ်.... သား နာရီလေးကို လှန်းကြည့်မိပြန်တော့
သားရဲ့ နာရီကလေးက သားကိုပြန်ပြောပါတယ်
နောက်ဆုံးတော့... လဲ..... ?????
မင်းနဲ့ငါသာ လက်တွဲမဖြုတ်တာပါကွာ ...
သားရဲ့အသိစိတ်လေးတွေကတော့ အလိုလို ...
ပြန်လည်ပြီး ရှင်သန်ခဲ့ရပါတယ် မေမေရယ်......

(January,08,2012)

ပြာသိုလပြည့်နေ့ အမေများနေ့ အတွက် အမှတ်တရ..... ပဲခူးဆားးးး




January 03, 2012

တစ်ခါက ပဲခူး ....




ပဲခူးမြို့သည် မြို့တော်ရန်ကုန်၏ မြောက်ဘက် ကီလိုမီတာ၈ဝခန့် အကွာအဝေးတွင် တည်ရှိသည်။ မြင့်မားသော တိုက်တာ အဆောက်အဦများ နှင့် ဇိမ်ခံဟိုတယ်ကြီးများ မရှိသော်ငြားလည်း လူဦးရေများပြားပြီး နေ့စဉ်ပျား ပန်းခတ် လှုပ်ရှား သွားလာနေကြသော လူများဖြင့်စည်ကားလျက်ရှိသည်။ ကုန်စည်များအပြည့်တင်ထားသော ထရပ်ကားများ၊ ဟိုနားသည်နားသွား လာနေကြသော ဆိုက်ကားများ၊ ခြေလှမ်းသွက်သွက်ဖြင့် ဝမ်းရေးအတွက် လှုပ်ရှားနေကြသောသူများ၏ မြင်ကွင်းမှာ ရန်ကုန်မြို့တော် တွင် မမြင်နိုင် သည့်အရာများဖြစ်သည်။ အရောင်းအဝယ်ကြောင့် ယခုကဲ့သို့သွားလာ လှုပ်ရှားနေပုံများကို မြင်တွေ့ နေရသော်လည်း ပဲခူးမြို့၏ နောက်ခံသမိုင်းကြောင်း ရာစုနှစ်ချီစွာ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းလှပေသည်။ ထင်ရှားကျော်ကြားသော ဘုရင်များ ပဲခူးတွင်ထီးနန်းစိုက်ခဲ့ကြရာ အသက်၁၄နှစ် အရွယ်တွင် ဘုရင်အဖြစ်ရောက်ရှိလာခဲ့သော တပင်ရွှေထီးမင်းသားအပါအဝင် ဖြစ်သည်။ နိုင်ငံသားများညီညွတ်မှုရှိအောင် စည်းရုံးနိုင်ခဲ့သောမင်းဖြစ် သည်။ ဘုရင့်နောင်မင်းမှာလည်း ဘုန်းတန်ခိုးကြီးမားသော မင်းတစ်ပါးဖြစ် ပြီး ထေရဝါဒဗုဒ္ဓဘာသာကို ထွန်းကားအောင်ဆောင်ရွက်နိုင်ခဲ့သော မင်း တစ်ပါးဖြစ်ပေသည်။ ပဲခူးမြို့သည် မြန်မာပြည်အောက်ပိုင်း တွင် တစ်ချိန်တစ်ခါက စည်ပင်သာယာသောချမ်းသာ ကြွယ်ဝသည့် မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က ပဲခူးမြစ်မှာ လှေ သင်္ဘော များ စုန်ဆန် သွားလာကြပြီးရွှေ၊ ပတ္တမြား၊ သစ်မွှေး၊ ပိုးထည်များနှင့် နာမည်ကျော် မုတ္တမအိုးများကို ရောင်းဝယ် ဖောက်ကား ခဲ့ကြသည်။

ပြန်လည်တူးဖော်ရရှိခဲ့သော သင်္ချိုင်းဂူများကို ယခုအခါ မပျက်စီးရအောင် ထိန်းသိမ်းထားနိုင်ပြီး ၄င်းတို့မှာ တစ်ချိန်က ပဲခူးမြို့တွင် အခြေချ နေထိုင်သွားသော နိုင်ငံခြားကုန်သည်များ၏ မှတ်တမ်းများဖြစ်ကြသည်။ ထိုစဉ်က ဒေသခံပန်းရံများ ပြုလုပ်ပေးခဲ့ သည်မှာ Hermo Stringfellow ဆိုသူ၏သင်္ချိုင်းဂူဖြစ်ပြီး Henry နှင့် Ann String Fellow တို့၏သားဖြစ် ကာ ၁၇၄၂ခုနစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ပေါ်တူဂီဘာသာဖြင့်ရေး သားထားသော်လည်း နာမည်အသံထွက်မှာ အင်္ဂလိပ်နာမည်မျိုးဖြစ်သည်။ လူမျိုးပေါင်းစုံ ပဲခူးသို့ရောက်ရှိလာခဲ့ကြပြီး ၄င်းတို့မြင်တွေ့ခဲ့ရသည့်ထူးဆန်းအံ့သြဖွယ်ရာများကို မှတ်တမ်းတင်ရေးသားခဲ့ကြသည်။ ၁၅ဝ၃ ခုနစ်တွင် အီတလီနိုင်ငံမှ Ludovico do Varthems ရောက်ရှိလာခဲ့ပြီး ဓမ္မစေတီမင်း၏ သားတော်ကိုတွေ့ရှိခဲ့သည်။ ပဲခူးမြို့တော်၏ ဆန်းကြယ်မှုနှင့် ဘုရင်၏ တန်ဖိုးမဖြတ်နိုင်သော ပတ္တမြားလည်ဆွဲအပါအဝင် ကျောက်မျက် ရတနာမျိုးစုံတို့ကို အံ့သြသင့်ဖွယ် တွေ့ရှိခဲ့ရကြောင်းရေးသားခဲ့သည်။ သူသည် အရောင်းအဝယ်ကိစ္စဖြင့်လာရောက်ခြင်းဖြစ်ရာ သန္တာကျောက်များ ရောင်းချရာတွင် ဘုရင်ကပတ္တမြားများ ပြန်ပေးခဲ့သည်။

ပဲခူးမြို့ကို ရှေးဟောင်းအမည်ဖြင့် ဟံသာဝတီဟူ၍လည်းခေါ်ဆို ခဲ့ကြပြီး စိတ်ဝင်စားဖွယ်ဒဏ္ဍာရီပေါင်းမြောက်များစွာရှိသည်။ ဟံသာဝတီ မင်းနေပြည်တော်သည် ပဲခူးမြစ်နံဘေးတွင်တည်ရှိပြီး တစ်ချိန်ကရန်ကုန်မြစ် အတွင်းသို့ရေစီးသန်စွာဖြင့် စီးဆင်းကာ ပင်လယ်ဆီသို့ ဆက်၍စီးဆင်းသွားသည်။ တစ်ချိန်က ထိုအရပ်ဒေသသည် ရေအောက်တွင်အတော်များများ မြုပ်နေပြီး ရေစီးကြောင်း များကြားမှ တောင်ပူစာတစ်ခုပေါ်ထွက်နေသည်။ ရွှေရောင်လည်မွှေးဆံများပါရှိသော ဟင်္သာငှက်နှစ်ကောင်သည် ထိုတောင် ပူစာပေါ်တွင် နားခိုနေသည်ကို အိမ်ရှေ့မင်းသမီးနှစ်ပါးက မြင်တွေ့ခဲ့ပြီး နောင်တွင် ထိုနေရာ၌ မင်းနေပြည်တည်ထောင်ခဲ့သည်။ ခြောက်သွေ့ပြီးနား နိုင်သော နေရာမှာအလွန်ကျဉ်းသဖြင့် ဟင်္သာအမသည် ဟင်္သာအဖို၏ ကျောကုန်းဘက်တွင်နားခိုခဲ့ရသည်။ ဤုဖြစ်ရပ်ကို မူတည်ပြီး အခြေအမြစ် မရှိသော ယုံတမ်းစကားများထွက်ခဲ့ရာတွင် အိမ်ထောင်သည်ပဲခူးသူများ သည် လင်ယောက်ျား အပေါ် အနိုင်ယူတတ်ကြသည်ဟူ၍ဖြစ်သည်။ မည်သို့ပင် ပြောဆိုကြသည်ဖြစ်စေ ပဲခူးသားများသည် မိန်းမအပေါ်ကြင်နာမှုရှိပြီး လင်ယောက်ျားကောင်း တစ်ယောက်ဖြစ်သည်ဆိုပါက ပို၍မှန်ကန်ပေမည်။


မည်သို့ဆိုစေလှပသော ဟင်္သာငှက်သည် မွန်လူမျိုးတို့ မြတ်နိုး တန်ဖိုးထားသော သင်္ကေတတစ်ခုဖြစ်သည်။ ဟင်္သာငှက် နှစ်ကောင် နားခို သော နေရာတွင် အထိမ်းအမှတ်အဖြစ် 'ဟင်္သာကုန်းဘုရား'တည်ထားကိုး ကွယ်ထားသည်။

ပဲခူးနေပြည်တော်တွင် စိုးစံသွားခဲ့ကြသော ရှင်ဘုရင်များအနက် ထင်ရှားကျော်ကြားသောမင်းမှာ ၁၄၇၁မှ၁၄၉၂ခုနစ်အထိ စိုးစံခဲ့သောဓမ္မ စေတီမင်းဖြစ်သည်။ မင်းသက်၂၁နှစ်အတွင်း ပဲခူးတွင်ဘုရားပေါင်းမြောက် များစွာတည်ထားခဲ့သည်သာမကရန်ကုန် (ထိုစဉ်ကဒဂုံဟုအမည်တွင် သည်)၌ ရွှေတိဂုံဘုရားကိုလည်း သူနှင့် သူ့မိဖုရားတို့က သူတို့ကိုယ် အလေးချိန်နှင့် ညီမျှသောရွှေသားဖြင့် လေးကြိမ်တိတိရွှေချခဲ့ကြသည်။ ဓမ္မစေတီမင်း၏ ယောက္ခမတော်စပ်သူဘုရင်မကြီး ရှင်စောပုသည် ရွှေတိဂုံဘုရားကို ပထမဆုံး ရွှေချခဲ့သည်ဖြစ်ရာ သူ၏ကိုယ်အလေးချိန်နှင့် ညီမျှသော ရွှေသားအလေးချိန်၄၂ကီလိုဂရမ်ခန့်ဖြင့် ရွှေချခဲ့ခြင်း ဖြစ်သည်။ ရွှေတိဂုံ ရင်ပြင်တော်ပေါ်တွင် ဓမ္မစေတီမင်းစိုက်ထူခဲ့သော ကျောက်စာသုံးခု မှာ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းဝင်အထောက်အထား ဖြစ်သည်။

ဓမ္မစေတီမင်းသည် ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် အလေးချိန် ၁၂ဝဝဝဝ ကီလိုဂရမ်ရှိသော ကြေးခေါင်းလောင်းတစ်ခုကို လည်း ပြုလုပ်လှူဒါန်းခဲ့ရာ နောင်နှစ် ၁၃ဝခန့်ကြာတွင် ပေါ်တူဂီစူးစမ်းရှာဖွေရေးသမား ဒီဘရစ်တိုက ခိုးယူပြီးသဘောင်္ဖြင့် သယ်ဆောင်သွားခဲ့သည်။ ကြေးခေါင်းလောင်းကြီးသည် ရန်ကုန်မြစ်အတွင်း နစ်မြုပ်သွားခဲ့သည်။ ထိုခေါင်းလောင်းကြီးသည် ရွှေတိဂုံ ဘုရားဖူးမြော်ရန် လပြည့်ညတိုင်း ရေမျက်နှာပြင်ပေါ် တက်လာသည်ဟူသော ပြောဆိုမှုများလည်းရှိသည်။

ဓမ္မစေတီမင်း၏သမိုင်းကြောင်းမှာ ပဲခူးမြို့ကဲ့သို့ထူးခြားစိတ် ဝင်စားဖွယ်ကောင်းလှသည်။ သူသည်မွန်ရဟန်းတစ်ပါးဖြစ်ပြီး ဘွဲ့တော်မှာ ရှင်ဓမ္မစေတီဖြစ်သည်။ တခြားရဟန်းတစ်ပါးဖြစ်သော ရှင်ဓမ္မပါလနှင့်အတူ သာသနာပြုရန် အထက်မြန်မာပြည် အင်းဝမြို့တော်သို့ ခရီးထွက်ခဲ့ကြသည်။ အသက်အရွယ်ငယ်သေးသော်လည်း မွန်မိဖုရားရှင်စောပု၏ ကြည်ညိုရိုသေခြင်း ကိုခံရသော ဆရာတော်များဖြစ်လာခဲ့ကြသည်။ ထိုအချိန်က ရှင်စောပု မှာ အစ်ကိုဖြစ်သူ ပဲခူးဘုရင်၏ ဆက်သမှုဖြင့် အင်းဝဘုရင်၏ မိဖုရားအဖြစ် နန်းတော်တွင်စံမြန်းနေသည်။


အင်းဝဘုရင်နတ်ရွာစံသွားသည့်အခါ နောက်တက်လာသော ဘုရင်ကရှင်စောပုအားချုပ်နှောင်ထားသော်လည်း ရဟန်းနှစ်ပါး၏ အကူ အညီဖြင့် လွတ်မြောက်လာခဲ့သည်။ အောက်မြန်မာပြည်သို့ ထွက်ပြေး လာခဲ့ပြီး အစ်ကိုဖြစ်သူ ပဲခူးရှင်ဘုရင်၏ ကာကွယ် စောင့်ရှောက်မှု အောက်တွင်နေထိုင်ခဲ့သည်။ အစ်ကိုဘုရင်ကြီးနတ်ရွာစံသွားသောအခါ ရှင်စောပု သည် ဟံသာဝတီကို ၇နှစ် အုပ်ချုပ်ခဲ့သည်။

အသက်၆၆နှစ်အရွယ်ရောက်သည့်အခါ ထီးနန်းကိုစွန့်ပြီးတရား ဓမ္မနှင့် ငြိမ်းချမ်းစွာနေထိုင်လိုစိတ်ဖြစ်လာသည်။ ထီးနန်းမွေ ဆက်ခံမည့် တစ်ဦးတည်းသော သမီးတော်မှာ နူးညံ့သိမ်မွေ့ပြီး အေးအေးဆေးဆေးနေ ထိုင်သူဖြစ်သည်။ ထို့ကြောင့်ဆရာဖြစ်သူ ရဟန်းတစ်ပါးပါးနှင့် လက်ဆက်ပေးပြီး ထီးနန်းအမွေပေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။

နန်းတွင်း၌ကျင်းပသည့် အထူးအခမ်းအနားတစ်ခုတွင် အဖုံးဖုံးထားသော ယွန်းသေတ္တာနှစ်ခုကိုယူလာစေပြီး ဆရာရဟန်းအား ဆက်ကပ် လှူဒါန်းသည်။ ယွန်းသေတ္တာတစ်ခုတွင် အစားအစာများပါရှိပြီး တခြားတစ်ခုတွင် မင်းမြောက်တန်ဆာများပါရှိသည်။ ရှင်ဓမ္မစေတီသည် မင်းမြောက်တန်ဆာပါရှိသော ယွန်းသေတ္တာကိုရရှိခဲ့သည်။ ရှင်စောပုက သူ၏ ရည်ရွယ်ချက်ကိုရှင်းပြပြီး သမီးတော် နှင့် လက်ဆက်ကာ ဟံသာဝတီိကိုအုပ်ချုပ် မင်းလုပ်ရန် တောင်းဆိုသည်။ ဓမ္မစေတီသည် ရဟန်းဘဝနှင့် ရှင်ဘုရင်ဖြစ် လာပြီး နောက်ပိုင်းတိုင်းပြည်ကို မင်းကျင့်တရားနှင့်အညီ ဥာဏ်အမြှော်အမြင် ကြီးစွာဖြင့် အုပ်ချုပ်ခဲ့သည်။

ဘုရင်ဖြစ်လာချိန်တွင် အရေးကြီးဆုံးသောလုပ်ဆောင်ချက်မှာ သာသနာသန့်ရှင်းရေးဖြစ်သည်။ ရဟန်းကျင့်ဝတ်နှင့်မညီသော ရဟန်းများ ကိုလူဝတ်လဲစေပြီး ရဟန်းသိက္ခာကျင့်ဝတ်နှင့်ညီသူများကိုသာ ရဟန်း ဘောင်တွင် နေထိုင်ခွင့်ပြုသည်။ ရဟန်းကျင့်ဝတ်နှင့် ညီခြင်းရှိမရှိ စစ်ဆေးမှုများပြုလုပ်ရန် ကလျာဏီသိမ်တော်ကို ၁၄၇၆ခုနစ်တွင် ဓမ္မစေတီမင်းက တည်ဆောက်ခဲ့သည်။ ယခုအခါ မူလကလျာဏီ သိမ်တော်ကြီးမရှိတော့ဘဲ ပုံတူသိမ်တော်ကို သီရိလင်္ကာနိုင်ငံတွင်သာ တွေ့ရှိနိုင်သည်။


ဓမ္မစေတီမင်းတည်ဆောက်ခဲ့သော မူလကလျာဏီသိမ်တော် ကြီးမှာ ၁၅၉၉ခုနစ်တွင် ဒီဘရစ်တိုက ပထမဦးစွာဖျက်ဆီးခဲ့ပြီး နောက်ပိုင်း စစ်ပွဲများနှင့် မြေငလျင်ဒဏ်များကြောင့် ပျက်စီးခဲ့ရသည်။ ၁၉၅ဝပြည့်လွန် နှစ်များတွင် ပြန်လည်ပြုပြင်ခဲ့သော သိမ်တော်မှာ ဗုဒ္ဓဘာသာဝင်ဘုရားဖူး များအတွက် အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။

ထိုနှစ်မှာပင် ဓမ္မစေတီမင်းသည် ကျိုက်ပွန်ဘုရားကိုတည်ထား ကိုးကွယ်ခဲ့ရာ စတုရန်းတိုင်ကြီးပေါ်တွင် အလွန်ကြီးမားသော ဗုဒ္ဓ ဆင်းတုတော်ကြီးလေးဆူ အရှေ့အနောက် တောင်မြောက် အရပ်လေး မျက်နှာသို့ မျက်နှာမူနေသည့် ဆင်းတုကြီးများဖြစ် ကြသည်။ ဦးခေါင်း တော်များပေါ်တွင် အမိုးအကာမပါရှိပေ၊ ဆင်းတုတော် ကြီးများကို အမိုး အကာဆောက်ခဲ့ရာ အောင်မြင်မှု မရခဲ့ကြောင်းသိရသည်။

ကျိုက်ပွန်ဘုရားနှင့် မနီးမဝေးပဲခူးမြို့သို့ မရောက်ခင်နေရာတွင် သမိုင်းကြောင်းနှင့် ဘာသာရေးအရ စိတ်ဝင်စားစရာ ကောင်းသော နေရာတစ်ခုရှိနေသည်။ မြတ်စွာဘုရား၏ဖြစ်စဉ် ဗုဒ္ဓဝင်အရ သဗ္ဗညု ဥာဏ်တော် မရမချင်းတရားကျင့်ကြံရန် အဓိဋ္ဌာန်ပြုရာတွင် သတ္တဋ္ဌာန(၇)နေရာနှင့် အရေးကြီးသော ဖြစ်စဉ်များဖြစ်ပျက်ခဲ့ရာနေရာများရှိခဲ့သည်။ ဗောဓိညောင် ပင်အောက်တွင် တရားကျင့်ကြံစဉ် မာရ်နတ်၏နှောက်ယှက်ခြင်းကို ခံခဲ့ရသည် စသည်တို့ဖြစ်ကြသည်။ ဗုဒ္ဓဖွားမြင်တော်မူရာ ဗုဒ္ဓဂါယာတွင် အဆိုပါ နေရာများ ၌ ဘုရားများတည်ထားသည်ကို မြင်တွေ့နိုင်သည်။

ဗုဒ္ဓဂါယာရှိဘုရားများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ စေတီပုထိုးများ၏ ပုံတူများနှင့်တစ်နေရာနှင့် တစ်နေရာ အကွာအဝေးစသည့် အချက်အလက်များကို ရယူသိရှိနိုင်ရန် ရဟန်းတော်များကို ထိုနေရာများ သို့ ဓမ္မစေတီမင်းက အထူးတာဝန်ပေး စေလွှတ်ခဲ့သည်။ စေလွှတ်ခဲ့သော ရဟန်းတော်များ ပြန်ရောက်လာသည့်အခါ ကျောက်ပွန်ဘုရားများ အနီးတစ်ဝိုက်တွင် ကျယ်ဝန်း သောနေရာတစ်ခုကို ရှင်းလင်းခဲ့သည်။ ထိုနေ ရာတွင် ဗုဒ္ဓဂါယာမှရရှိလာသော ပုံစံများနှင့် တိကျသောနေရာအကွာ အဝေးအတိုင်း စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများကို ဓမ္မ စေတီမင်းက တည်ဆောက်ခဲ့သည်။


ရွှေဂူကြီးဘုရားတွင်တည်ထားသည်မှာ ဗောဓိညောင်ပင် အောက်တွင် စံပ္ပာယ်နေသော ဗုဒ္ဓဘုရားရှင်အား မာရ်နတ်က နှောက်ယှက် ဖျက်ဆီးရန်စေလွှတ်လိုက်သော အမှတ်သင်္ကေတပင်ဖြစ်သည်။ မူလဂူတန် ဆောင်းမှာ ထိုအရပ်ဒေသတွင် ကြိမ်ဖန် များစွာ လှုပ်ခဲ့သောမြေငလျင် ကြောင့် ယခုအခါပျက်စီးသွားပြီဖြစ်သော်လည်း ဗောဓိညောင်ပင်အိုကြီးမှာ ထိုအပျက်အစီးများ အနီးအပါးတွင် ယခုတိုင်ရှိနေဆဲဖြစ်သည်။ တောက်ပသော ကျောက်ပြားများနှင့် မာရ်နတ်များ၊ လူသားတို့၏ကိုယ်ခန္ဓာများနှင့် ကျားများ ဆင်များ၏ ခေါင်းများကိုထုဆစ်ထားသော ကျောက်ထွင်းပန်းပုများ အဆိုပါ တန်ဆောင်းတွင်ရှိခဲ့ဖူးသည်။ ထိုခေတ်အခါက စဥ့်ထည် မြေထည်ကျောက် သားအရောင်အဆင်းများမှာ လှပသော အစိမ်း၊ အပြာနှင့် စိမ်းပြာရောင်ဖြစ် ခဲ့သလို များသောအားဖြင့် အညို၊ အနက်နှင့် မီးခိုးရောင်များလည်း ဖြစ်ကြသည်။ ကမ္ဘောဇဋ္ဌာနီဟု ခေါ်ဆိုသည့်ဘုရင့်နောင်မင်း၏ နန်းတော်အတိုင်း ပုံတူဆောက်လုပ် ထားသည့် နန်းတော်ဝင်းအတွင်းရှိ ပြတိုက်တွင်၎င်းတို့ကို မြင်တွေ့နိုင်သည်။

ရွှေဂူကြီးဘုရားနှင့် သိပ်မဝေးလှသောနေရာတွင် တောင်ပို့ငယ် တစ်ခုရှိပြီး ထိုနေရာမှာတစ်ချိန်က က္ကစ္ဆပါလစေတီရှိခဲ့သည်။ ဘုရား အလောင်းအားမာရ်နတ်၏ သမီးသုံးယောက်ကလာပြီး သွေးဆောင်သော နေရာတွင် စေတီတည်ထားခြင်းဖြစ်သည်။ မာရ်နတ် ၏ သမီးသုံးယောက်သည် တစ်ယောက်က အမျိုးသမီးငယ်၊ တစ်ယောက်ကမိန်းကလေးနှင့် နောက်တစ်ယောက်က ကလေး တစ်ယောက် အမေအဖြစ် အသွင်ပြောင်း လာခြင်းဖြစ်သည်။ ထိုသုံးယောက်စလုံးကို ဘုရားအလောင်းကလက်မခံဘဲ ငြင်းဆန်ခဲ့သည်။ ထိုဖြစ်စဉ်အကြောင်းများကို က္ကစ္ဆပါလစေတီတော်တွင် ရောင်စုံစဥ့်ထည်များဖြင့် လှပစွာပြုလုပ်ထားသည်။ အဆိုပါ မာရ်နတ်နှင့် အပေါင်းအပါများ၏ စဥ့်လက်ရာများမှာ အလွန်တန်ဖိုးကြီးလှပြီး စုဆောင်းသူများကြိုက်နှစ်သက်ကြသော ရှေးဟောင်းမြန်မာ့ လက်ရာများ ဖြစ်သည်။ အတော်များများမှာ ကိုလိုနီခေတ်က အခိုးခံခဲ့ရပြီး ယခုအခါ ကမ္ဘာ့အနှံ့ရှိ ပြတိုက်များတွင် ရှိနေကြသည်။

နဂါးမင်းနေထိုင်ရာနှင့် မြတ်စွာဘုရားအား ၄င်း၏ပါးပျဉ်ဖြင့် မိုးရေမှ ကာကွယ်ပေးထားသော နေရာဖြစ်သည့် မုစလိန္ဒာ ကန်တော်ကိုလည်း ဓမ္မစေတီမင်း၏ တည်ဆောက်မှုများတွင် တွေ့နိုင်သည်။ အဆိုပါကန် ကြီးအားတည်ဆောက်စဉ်က မှတ်တမ်း တင်ခဲ့သော ကျောက်စာများကို စုဆောင်းထားပြီး အနီးရှိဂိုဒေါင် တစ်ခုတွင် သော့ခတ်သိမ်းဆည်းထားသည်။ ယခုအခါထိုနေရာတွင် စည်ကားစပြုလာ နေပြီဖြစ်သော်လည်း ကျေးလက်ဓလေ့ဆန်သော နေရာဖြစ်ပြီး အေးချမ်းသာယာကာ သစ်ပင်များဖြင့် စိမ်းလန်း စိုပြေလျက် ရှိသည်။

ပဲခူး၏သမိုင်းကြောင်းကို နောက်ကြောင်းပြန်ရပါက ၁၅ ရာစု အချိန်ကတည်းက စတင်ခဲ့ပြီး ရွှေမော်ဓောစေတီကို ပထမဆုံး တည်ထားခဲ့စဉ်က ဆိုလျှင်နှစ်ထောင်ကျော်ခဲ့ပြီဖြစ်သည်။ ဓမ္မစေတီမင်းနန်းတက်ခဲ့စဉ် ကရွှေမောဓောစေတီ၏ ဥာဏ်တော်အမြင့်မှာ ၈၄မီတာရှိနေသည်။ မြေငလျင်လှုပ်သည့်ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပြီးသည့်နောက် ပျက်စီးမှုများစွာကြုံခဲ့ရကာ ၁၉၃ဝခုနစ်တွင် ထီးတော်မြေခခဲ့ရသည်။ စေတီတော်၏ ထီးတော်မှာ ရင်ပြင်တော်ပေါ်တွင်ရှိနေခဲ့ပြီး စုလစ်မွန်းချွန်ထီးတော် ကို ဗုဒ္ဓဘာသာဝင်များ ရိုသေ ဦးညွတ်ဖူး မြော်ခွင့်ရရှိခဲ့သည်။ ၁၉၅ဝပြည့်လွန်နှစ်ကာလ များတွင် ထီးတော်သစ်ကိုပြန်တင် နိုင်ခဲ့ပြီး ယခုအခါဥာဏ်တော်၏ အမြင့်မှာ ၁၁၄မီတာရှိသည်။


နောက်ထပ်သွားရောက်လည်ပတ် သင့်သည့်နေရာမှာ ကျက်သရေရှိပြီး သပ္ပာယ်သောရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်သည်။ အလွန်ကြီးမားသော သွပ်ခေါင်မိုးဖြင့် ကာရံထားပြီး သံတိုင်များဖြင့် တည်ဆောက်ထားသည်မှာ ထူးခြားဆန်းကြယ်စွာဖြင့် မြင်တွေ့နိုင်သည်။ ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဒီပဘုရင်က ၉၉၄ ခုနစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ သူသည် ဗုဒ္ဓ၏ တရားများကို ယုံကြည်သူမဟုတ်၊ ဗုဒ္ဓဘာ သာဝင်ပေါင်းမြောက်များစွာကို နှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်ခဲ့သည်။ တစ်နေ့တွင် ဒီပဘုရင်သည် သူ၏မိဖုရားအား ဗုဒ္ဓ၏တရားတော်များကို လေ့လာစေသည်။ မိဖုရားက သူ့အားဗုဒ္ဓ၏တရားတော်များမှာငြိမ်းချမ်းပြီး ကောင်းကျိုးချမ်းသာဖြစ်စေကြောင်း တရားပြပြီးလူကောင်းတစ်ယောက် အဖြစ်ပြောင်းလဲပေးခဲ့သည်။ လဲလျောင်းနေသော ဗုဒ္ဓ၏ ရုပ်ပွားတော်ကြီးမှာ ခြုံနွယ်များနှင့် သစ်တောများအောက်တွင် နှစ်ပေါင်းများစွာဖုံးအုပ်နေခဲ့ရာ မှ ၁၉ ရာစုတွင် ၄င်း၏အနီး တစ်ဝိုက်ရှိ မြေများကို ရထားလမ်းဖောက်လုပ်ရန် တူးဖော်ခဲ့စဉ်ပြန်လည်တွေ့ရှိခဲ့သည်။ ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးအား အပေါ်မှ သွပ်မိုး အကာများ ဆောက်လုပ်ခဲ့ရာ ၁၉၃ဝ ခုနစ်တွင်ပြီးစီးခဲ့သည်။ အများပြည်သူက ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေများ ထည့်ဝင်ခဲ့ကြသည်။

ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အနီးတွင်ရှိသော မှတ်တမ်းအရ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ၅၄.၈၈မီတာရှည်လျားပြီး မျက်ခုံးမွှေး တစ်ခုစီ မှာ ၂.၂၉ မီတာရှိသည်။ လက်သန်းတော်၏အရွယ်အစားမှာ ၃.ဝ၅ မီ တာနှင့် ခြေမတော်၏ အရွယ်အစားမှာ ၁.၈၃မီတာရှိသည်။

ပဲခူးမြို့မှာ ဘာတွေကြည့်ရှု့စရာတွေရှိနေမလဲဆိုတာ သိပြီးရင်ဖြင့် ဒီမြို့ဟာအလွန်ကြီးမားတဲ့မြို့လေးတစ်မြို့ ခုချိန်မှာ ဖြစ်ချင်ဖြစ် ပေမယ့် ဒါတစ်ချိန်က အလွန့်အလွန်ကြီးမားလှတဲ့ မြို့တစ်မြို့ဖြစ်ခဲ့ဖူးတာကိုတော့ သင်ဘယ်တော့မှ မမေ့နိုင်ပါဘူး။

(Once upon a time, in Bago by Ma Thanegi ကိုပြန်ဆို ထားပါသည်။)

ကျော်ဌေး(ဘီအေစီ)


ရာမညမြေ ၉၆ ပြည်


၃၂ သုံးလီ ၉၆ ပြည်

ရွှေတိဂုံစေတီ

ရွှေပြည်လိုဝင်းလို့

တို့ဟံသာမြေ

တမ်းတရပါလေ...



ဟံသာဝတီအဆုံး

သထုံအစ

မြို့ပြနိုင်ငံ

နန်းတော်အပြည့်

တွေ့ရပါလေ ရာမညမြေ......



ကြမ္မာဆိုး ၁၁၁၉ မှာ

မဟာလူမျိုးကြောင့်

နန်းပျောက်ခဲ့ရသည်

ဤနေ့အဖြစ်အပျက်

တသက်မေ့မရပါလေ ရာမညမြေ....



သထုံရဲ့သာသနာ

ဟံသာဝတီရဲ့နှလုံးအိမ်

ပုသိမ်ရဲ့မှတ်တိုင်

ရာမညသားတိုင်း

ပြန်လည် ပိုင်ဆိုင် (နေထိုင်) နိုင်ပါစေ တို့ရာမညမြေ....

December 31, 2011

သူငယ်ချင်းးးးးး

by ပဲခူး ဆား on Saturday, November 12, 2011 at 4:38pm



သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့

ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း

တွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့

သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့

သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့

သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့
သူငယ်ချင်းတွေလည်း ရှိတယ်။



ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက

ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး
အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။



သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။ ကိုယ့်နဲ့

ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့

သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့

သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို

ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။
သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။



တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့

မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့

အလှပတွေကို ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လို

စသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေနဲ့

ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို
မြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။



ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို

သူတို့ကြည့်ပြီး ပျော်နေမလား.... မေးလ်ဘောက်စ် ပြည့်သွားတာ

ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား... ဘာတွေ
လျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေမလား....



သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်

မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ က တဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ

သူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ်မေတ္တာနဲ့ တောင်းဆု
ပြုလိုက်တယ်....နှစ်သစ်မှာ

ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်း .......

December 30, 2011

ကဗျာတစ်ပုဒ်

ကဗျာတစ်ပုဒ်


ကဗျာဆိုသတဲ့လား


ဟိုးနား ငယ်ငယ်အရွယ်ကတည်းကကြားဖူးခဲ့ရဲ့၊

ကဗျာဟာ အချစ်နဲ့တွဲမှ အသက်ဝင်သတဲ့လား

၁၅ နှစ်အတက် ၁၆နှစ်အစွက်မှာ စူးနစ်ခံစား

အသိများဖူးခဲ့၊

တချိန်ဟာ မျက်တောင်တစ်ခတ်လျှပ်တစ်ပြက်ပဲဆိုဆို၊

ကြယ်အခါခါကြွေ၊နွေအခါခါပြောင်း၊မိုးနှောင်းတစ်လီ

ပြာရီညို့မောင်း ထိုဆောင်းတို့လည်း၊အမျိုးမျိုးပြောင်း

ထိုနှောင်းနောက်မှအသိရသည်၊ကဗျာဟူသည့် ထိုဇာတိသည်

အရွယ်မျိုးစုံစုံ၊ပုံရိပ်စုံ၏ ကိုယ်စားပြုရာ စာစုသာဟု။